Thursday, April 1, 2010

မိစုတို့အိမ်က နတ်ကြီး

အဲဒီနတ်ကြီးကိုလေ…... မိစု အရမ်းမုန်းတာပဲ…သိလား…
အမေကြားရင်တော့ …..ဟဲ့ ကောင်မလေး မပြောကောင်းပြောကောင်းဆိုပြီး ခေါင်းခေါက်ခံရမလား မသိ။
မိစုက ဟိုးရွာလေးကနေ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ အလုပ်လာလုပ်တာပါ။ အလုပ်က အင်း…အများအခေါ် အိမ်ဖော်ပေါ့…

မမလေးကတော့ အဲဒီလိုမခေါ်ပါဘူး…..အိမ်ကိုဧည့်သည်တွေလာရင် “ရွာက လာကူလုပ်ပေးနေတဲ့ ညီမလေးလေ” လို့ ပြောတတ်ပါတယ်….အဲဒါကြောင့် ဒီအိမ်လေးမှာ မိစုပျော်တာပေါ့….
ဒီအိမ်လေးဆိုလို့ ပြောပြရဦးမယ်။ တကယ်တော့ ဒီအိမ်လေး …အင်း ….တိုက်ခန်းလေးမှာပေါ့လေ… အကိုလေးရယ်၊ မမလေးရယ်၊ မိစုရယ် သုံးယောက်ထဲ နေရတာပါ။ မမလေးနဲ့ အကိုလေးနဲ့ လက်ထပ်ပြီး ဒီအိမ်လေးကိုပြောင်းတော့ မမလေးကူဖော်လောင်ဖက် ရအောင်ဆိုပြီး မိစုကို ခေါ်ထားကြတာ….မိစုကြီးတော်က မမလေးတို့ အမေအိမ်မှာ အလုပ်လုပ်တယ်လေ…

ကြီးတော်က တစ်နှစ်တစ်ခါပြန်လာနေကြအတိုင်း ရွာပြန်လာတုန်း အမေ့ဆီမှာ ခွင့်တောင်းတာ…. အမေညွန့်က လိုက်သွားသမီး..နင့်ကြီးတော်ကနင့်ကို ကောင်းစားအောင်လို့ မြို့ကို ခေါ်တာလို့ ပြောပေမယ့်လည်း အဲဒီတုန်းက အမေနဲ့ မောင်လေးတွေကို မတွေ့ရ တော့ဘူးဆိုပြီး ငိုလိုက်ရတာ….ကြီးတော်က အတန်တန် ချော့၊ အင်္ကျီအ၀တ်အစားသစ်တွေဝတ်ရမယ်၊ မြို့မှာနေရမယ့် အိမ်ရှင်အမလေးက အရမ်းသဘောကောင်းတယ်…. ဘာညာပေါ့လေ….အဲ တစ်နှစ်တစ်ခါရွာပြန်လို့ ရမယ်ဆိုတာကိုတော့ အကြိုက်ဆုံးပဲ။ ဒီလိုနဲ့ပဲ မိစု အသက်၁၃ နှစ်မပြည့်တပြည့်မှာ ဒီအိမ်လေးကို ရောက်ခဲ့ရတာ….

ရောက်ရောက်ချင်း မမလေးတို့ အမေအိမ်မှာ တစ်ညအိပ်ရတယ်။ ပြီးမှ မမလေးတို့ အိမ်ကို ဒေါ်ကြီးကိုယ်တိုင် လိုက်ပို့တယ်။ အဲဒီနေ့က စနေနေ့ဆိုတော့ မမလေးရော အကိုလေးရော အိမ်မှာ ရှိကြတယ်…....မိစုကတော့ ရွာမှာတောင် ခပ်အေးအေးနေတတ်တာဆိုတော့ ကြောက်လိုက်တာ တုန်နေတာပဲ၊ အိမ်ရှင်တွေကိုလည်း မကြည့်ရဲဘူး။ မမလေးကတော့ အသံချိုချိုလေးနဲ့ ကျေးဇူးတင်ကြောင်း ဘာညာပြောနေတာပေါ့လေ။ မမလေးအပျိုဘ၀ထဲက ဒေါ်ကြီးနဲ့နေတာဆိုတော့ သူတို့ဟာသူတို့ စကားတွေများနေကြတာ၊ မိစုကိုတောင်မေ့လို့...... မိစုကတော့ ဒေါ်ကြီးတချိန်လုံး သင်လာတဲ့ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊လိမ်လိမ်မာမာနေ ဆိုတာတွေ မမေ့အောင်ပြန်စဉ်းစားရင်း ဟိုဟိုဒီဒီစပ်စုမိတယ်။ အသံချိုချို မျက်နှာဝိုင်းဝိုင်းချောချောလေးနဲ့ မမလေးရယ်၊ ပြုံးပြုံး ပြုံးပြုံးနဲ့ မမလေးမျက်နှာကြည့်လိုက်၊ ဒေါ်ကြီးကိုစကားပြောလိုက်လုပ်နေတဲ့ အကိုလေးရယ်ကိုကြည့်ရင်း နည်းနည်းအကြောက်ပြေလာတယ်။

ခဏနေတော့ ဒေါ်ကြီးက လုပ်စရာတွေရှိသေးတယ်အေ ဆိုပြီးပြန်သွားလေရဲ့။ မိစုကိုတော့ မမလေးက ပြုံးပြီး ညီမလေးနာမည်အရင်းက မိစုပဲလားတဲ့….မိစုအထင်တော့ အဲဒီအချိန်တည်းက မမလေးကိုချစ်သွားတာပါပဲ။ မမလေးက မိစုနေရမယ့် အခန်းထဲလိုက်ပြတယ်........ အခန်းလေးကကျဉ်းပေမယ့် အလင်းရောင်ရတယ်။ အစိမ်းနုရောင်လေးသုတ်ထားတယ်။ မိစုဖြင့် ချစ်လိုက်တာ။ မောင်တွေနဲ့ တိုးအိပ်ရတဲ့ ရွာကအခန်းလေးကိုလည်းသတိရမိတယ်။ မမလေးက မိစုစာဖတ်တတ်လားတဲ့မေးတယ်၊ ၄ တန်းထိကျောင်းနေဖူးပါတယ်လို့ ပြောတော့ မိစုတနေ့တာ လုပ်ရမှာတွေ စာရွက်နဲ့ရေးထားတာပြတယ်။ ပြီးတာနဲ့ မမလေးနဲ့ ဈေးကို လမ်းလျှောက်သွားကြတယ်။ အဲဒီနေ့ကစပြီး မိစုရဲ့ “ရန်ကုန်သူ ဘ၀” စခဲ့တယ်ဆိုပါတော့…..

မမလေးရော၊ အကိုလေးရောက တနင်္လာကနေ၊ သောကြာထိရုံးတက်ရတယ်။ ရုံးဖွင့်ရက်ဆို ဟင်းကိုညထဲက ချက်ထားတယ်။ မနက်စောစောအိပ်ရာထပြီး ထမင်းတအိုးတည်လိုက်ရုံပဲ။ နှစ်ယောက်လုံး ရုံးကိုထမင်းချိုင့်ထည့်တော့ အပိုမကုန်ဘူးလို့ ပြောတတ်တယ်။ မမလေးကသဘောကောင်းပေမယ့် စည်းစနစ်ရှိတာ၊ အိမ်ကိုသန့်ရှင်းနေမှ ကြိုက်တာတွေ တဖြည်းဖြည်းနဲ့သိလာတယ်။ ဈေးကို ၃ရက် တစ်ခါသွားရတယ်။ မမလေးက ၀ယ်ရမယ့် အမျိုးအမည်တွေ စာနဲ့ ရေးပေးလိုက်တယ်၊ ၀ယ်လာပြီး ဈေးနှုန်းကိုဘေးမှာ ရေးလိုက်ရုံပဲ၊ မမလေးရုံးကပြန်လာမှ သူ့စာရင်းစာအုပ်ကြီးနဲ့ စာရင်းလုပ်တယ်။ မိစုကိုလည်းအ၀တ်အစားတွေ ၀ယ်ပေးတယ်။ သူ့ အင်္ကျီတွေမတော်တော့ရင်၊ မကြိုက်တော့ရင်လည်း ပေးတယ်။
အ၀တ်တွေကိုလည်း သန့်သန့်ရှင်းရှင်းထားရတယ်။ အကိုလေးအ၀တ်တွေကို သူကိုယ်တိုင်လျှော်လို့ မမလေးအ၀တ်ပဲ မိစုက လျှော်ရတယ်။ အရေးကြီးတာကတော့ အိမ်ကို နေ့တိုင်းတံမြက်စည်းလှည်း၊ ကြမ်းတိုက်။ ဘုရားကျောင်းဆောင်ကိုလည်း သန့်ရှင်းနေမှကြိုက်တယ်။ မိစုအဖို့ကတော့ ပျင်းတောင်ပျင်းသေး။ ရွာမှာ မိစုက သမီးကြီးဆိုတော့ အိမ်ကိုတာဝန်ယူရ၊ ထမင်းဟင်းချက်ရ၊ ရေခပ်ရတာ။

အဲ…စနေ၊ တနင်္ဂနွေဆိုရင်တော့၊ မိစုတို့ အတွက်နေ့ကောင်းနေ့မြတ်ပေါ့၊ စနေနေ့ဆို မမလေးကမိစုနဲ့ အတူဈေးသွား......... ပြန်လာရင် ဖွယ်ဖွယ်ရာရာ တစ်ခုခုချက်တယ်။ အဲဒီနေ့ဆို အကိုလေးကလည်း အပြင်ထွက်လေ့မရှိဘူး။ ဒီရက်လေးပဲ နားရတာကွာ၊ ဟိုဟာလေးချက်စမ်းပါ၊ ဒီဟာလေးချက်စမ်းပါနဲ့ မမလေးကိုပြောတတ်တယ်။ မမလေးကလည်း မရ ရအောင်ချက်တာပဲ။ မုန့်ဟင်းခါးချက်စမ်းပါလို့ အကိုလေးကပြောရင်တော့ ရှုံ့မဲ့မဲ့နဲ့၊ သွား မိစု နင့်ဖာသာချက်လို့ ပြောတတ်တယ်။ မမလေးက မုန့်ဟင်းခါးလုံးဝ မကြိုက်ဘူးလေ။ မိစုကတော့ မြစ်ဝကျွန်းပေါ်က လာလို့လားမသိ....... မုန့်ဟင်းခါးဆို အသေကြိုက်၊ ချက်လည်းချက်တတ်တယ်။ တနင်္ဂနွေနေ့ဆိုရင်တော့ သူတို့ လင်မယား အပြင်ထွက်ကြတာပဲ။ ဘုရားတွေဘာတွေသွားရင်တော့ မိစုကိုလည်းခေါ်တယ်။ မမလေးကျေးဇူးနဲ့ မိစုလည်းရွှေတိဂုံဘုရား၊ ဆူးလေစေတီတော်၊ ဗိုလ်ချုပ်ဈေးဆိုတာတွေ ရောက်ဖူးနေပြီ။

ဒေါ်ကြီးကတော့ ရောက်စတစ်ခါနှစ်ခါလောက်လာလည်ပြီးတော့ ကိစ္စရှိရင် မမလေးကိုခွင့်တောင်းပြီး ဖုန်းဆက်လို့ ပြောပြီး ပေါ်မလာတော့ဘူး။ မိစုကလည်းဒီအိမ်လေးမှာ အရမ်းနေသားကျနေပြီလေ…..တစ်ခါတစ်ခါ အမေနဲ့ မောင်လေးတွေကို လွမ်းတာကလွဲရင် ပျော်နေပါပြီ။

အဲဒီလိုအရမ်းပျော်ရတဲ့ မိစုဘ၀ထဲကို အဲဒီနတ်ကြီးလာနှောက်ယှက်လိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ….မှတ်မှတ်ရရ၊ မိစု ရောက်ပြီး ၈ လပြည့်ခါနီးလေးမှာ…တစ်ရက်….အကိုလေးရော၊ မမလေးပါ ပျော်နေကြတယ်။ မိစုလည်းဘာရယ်မဟုတ်ရောယောင်ပျော်နေတာပေါ့။ နောက်တစ်နေ့တော့ မမလေးက ကြာသပတေးနေ့ကြီး ရုံးကခွင့်မယူစဖူးယူတယ်......... ဧည့်သည်တစ်ယောက် စောင့်ရမယ်ဆိုလား။ မိစုလည်း လုပ်စရာရှိတာ ဒီလိုပဲလုပ်နေရင်း ခေါင်းလောင်းတီးသံကြားတော့ မမလေးက ပျာပျာသလဲ တံခါးသွားဖွင့်တယ်။ ကျောပိုးအိတ်လွယ်ထားတဲ့ လူနှစ်ယောက်၊ တစ်ယောက်ရဲ့ လက်ထဲမှာ စက္ကူပုံးလေးတစ်ပုံးကိုင်ထားတယ်။ မမလေးကို ဖုန်းဘယ်မှာလဲ၊ ကွန်ပျူတာဘယ်မှာလဲ မေးတယ်။ မမလေးက လိုတာတွေပေးရင်း အအေးတိုက်ဖို့ မျက်ရိပ်မျက်ကဲ ပြတယ်။ လူကြီးနှစ်ယောက်အတွက် အအေးဖျော်နေတုန်း မမလေးပါနောက်ဖေးရောက်လာလို့…

“အဲဒါဘယ်သူတွေလဲဟင် မမလေး”

“အင်တာနက်လာတပ်တာ မိစုရဲ့…..ရုံးချိန်အတွင်းလာမယ်ဆိုလို့ မမလေးရုံးမသွားတာ”

“အန်….အင်တာနတ်…ဟုတ်လားမမ….အဲ့နတ် နာမည်လည်းမကြားဖူးပါဘူး”

“ဟမ်…မိစုကတော့လုပ်တော့မယ်” မမလေးကရယ်တယ်.... “အဲဒါ ၃၇မင်းမှာ နောက်ထပ်တိုးလာတဲ့ နတ် အသစ်ပေါ့ဟဲ့….၁၀သိန်းတောင်ပေးရတာ…..” မမလေးက အအေးခွက်လေးတွေယူပြီးအိမ်ရှေ့ ပြန်ထွက်သွားတယ်။ မိစုကတော့ ကြောင်တောင်တောင်နဲ့ ရင်ဘတ်လေးဖိ၊ ဒီလောက်ဈေးကြီးတဲ့နတ်… ဘာနတ်ကြီးပါလိမ့်လို့တွေးပြီးကျန်ခဲ့တာ…...

အောင်မလေး……အခုမှ ကောင်းကောင်းသိတယ်….တကယ့် နတ်ဆိုးကြီးပါတော်….တကယ်တကယ်….

အရင်က အရမ်းချစ်တဲ့ ချိုရေ၊ ကိုကိုရေ လုပ်နေကြတဲ့ မိစုအိမ်ရှင်လင်မယားနှစ်ယောက်ဟာ ဘာဖြစ်သွားတယ်မသိ...... ရုံးကပြန်လို့ အိမ်ရောက်တာနဲ့ ကွန်ပျူတာကို လုကြတာပဲ။
“ခဏလေးပါချိုရာ…..ကိုကိုဒီမှာ ဘောလုံးပွဲ result တွေကြည့်နေလို့” “ကိုကိုရေ…..သူငယ်ချင်းနဲ့ ချက်နေလို့” “ကိုကိုနော်….လွန်လာပြီ…..ထမင်းစားဖို့စောင့်နေတာ ၁ နာရီလောက်ရှိပြီ” စတာတွေနဲ့ ပွစိပွစိ အသံတွေ မမလေးဆီက မကြားစဖူးကြားရတယ်။ အကိုလေးအရင်ကလည်း ဘောလုံးပွဲတွေ တီဗွီကနေ ကြည့်နေတာပါပဲ။ ခုမှ…..အဲနတ်ကြီးကနေတဆင့် ကြည့်တာ အပ်ဒိပ် ဖြစ်တယ်ဆိုလား….နားမလည်ပါဘူး…..မမလေးကလည်း အဲကွန်ပျူတာနဲ့ ဘာတွေချက်တယ်မသိ။ ထမင်း၊ ဟင်းချက်တာတောင် သိပ်မကြီးကြပ်တော့ဘူး…..

တစ်လလောက်နေတော့ မမလေးအိမ်အပြန်မှာ ပုံးသေးသေးလေးပါလာတယ်။ စက္ကူပုံးတွေ မြင်ရင်လန့်လန့် နေတဲ့ မိစုကို မမလေးက ပြုံးပြုံးကြီးကြည့်ပြီး ..…နင့်အကိုလေးနဲ့ ငါရန်ဖြစ်ရတာမောလို့ လက်တော့ တစ်လုံးဝယ်လိုက်တယ်…အအေးတိုက်စမ်းပါဟယ်…တဲ့။ မိစုလည်းဒီတလော မကြားဖူးတာတွေ ကြား၊ မမြင်ဖူးတာတွေ မြင်ရလို့ လန့်လန့်နဲ့ပဲ ……နောက်တော့မှ လက်တော့ဆိုတာ ကွန်ပျူတာ အသေးလေးလို့သိရတယ်။

တကယ်ပဲ မိစုတို့အိမ်လေးမှာရန်ဖြစ်သံ မကြားရတော့ပါဘူး……ဘာသံမှလည်းမကြားရတော့ပါဘူး......… မမလေးတို့ လင်မယားနှစ်ယောက်ရုံးသွားတယ်၊ ရုံးကပြန်ရင် တစ်ယောက်က အိမ်ရှေ့မှာ၊ တစ်ယောက်က အိမ်ခန်းထဲမှာ၊ အကြာကြီးကွန်ပျူတာရှေ့မှာ မျက်လုံးကြီးတွေ ပြူးထားကြတယ်။ တစ်ယောက်တည်း တခစ်ခစ်၊ တဟားဟားနဲ့လည်း ရယ်ကြတယ်။ ထမင်းလည်းတူတူ မစားဘူး။ ဈေးသွားရမယ့်နေ့ဆို မမလေးကဈေးဖိုးပေးတယ်၊ မိစုဖာသာ ချက်ချင်တာချက်တဲ့။ အဆိုးဆုံးက စနေနေ့လည်း မမလေးက ဈေးမလိုက်တော့ဘူး။ မိစုဖာသာတွေးပြီးဖွယ်ဖွယ်ရာရာ ချက်ကျွေးရင်လည်း ကောင်းတယ်ဆိုးတယ်မပြော၊ နှစ်ယောက်လုံး စားသွားတာပဲ။

အရင်က ကွန်ပျူတာတစ်လုံးထဲလုနေကြတုန်းက မိစုစိတ်ညစ်မိတာ…..အခုရန်လည်းမဖြစ်…..ဘာသံမှလည်း မကြားရတာတခါတလေပျင်းလွန်းလို့ငိုတောင်ငိုချင်တယ်…..မမလေးဝယ်ပေးထားတဲ့ ဓာတ်ခဲရေဒီယိုသေးသေးလေး နားထောင်လည်း မပျော်ဘူး…..တနင်္ဂနွေနေ့လည်း အပြင်မသွားကြလို့ မိစုလည်းဘယ်မှ မလိုက်ရဘူး။

ဘာကြီးမှန်းကိုမသိ…….မိစုရင်ခံနေတာ ၃လလောက်ရှိပြီ။ နောက်လဆို မိစုဒီအိမ်မှာနေတာ ၁နှစ်ပြည့်လို့ ရွာကို ၁၀ ရက်ပြန်ရမယ်။ အမေ့ကို ပျော်တယ်ပြောရမှာလား…….မပျော်ဘူးဆိုရင်ရော ဘယ်လိုအကြောင်းပြရမှာလဲ ….၀၀စားရ၊ လှလှဝတ်ရတာတောင် မပျော်ဘူးဆိုရင်ကြီးတော်က ဆူမှာလား……အိမ်ပြန်ချင်တယ်ပြောရင် အမေကစိတ်မကောင်းဖြစ်မှာလား…….

အဲဒါကြောင့်ပြောတာပေါ့တော်…..မိစုအဲဒီနတ်ကြီးကို အရမ်းမုန်းပါတယ်လို့……..